Monday 21 February 2011

အိုးဝေ အာဘော်

အိုးဝေဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂပိုင် မဂ္ဂဇင်းဂျာနယ်တခုပါ။ တနည်းပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်း (၀ါ) သခင်အောင်ဆန်း (၀ါ) ကိုအောင်ဆန်း အယ်ဒီတာ လုပ်ခဲ့တဲ့ မဂ္ဂဇင်း ဂျာနယ်တခုပါ။ အထက်က ခေါင်းစဉ်လေးနဲ့ အာဘော်ရေးချင်နေတဲ့ ဆန္ဒလေး ဖြစ်လို့နေပါတယ်။

လက်ရှိကျနော်တို့ အိုးဝေဂျာနယ်သည်လည်း ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂပိုင် အိုးဝေမဂ္ဂဇင်း၏ မျိုးဆက်သစ်အဖြစ်ခံယူပြီး စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စတင်ထုတ်ဝေခဲ့ပါသည်။ ထို့နောက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအား အထိမ်းအမှတ်ပြုရင်းနှင့် ယနေ့ကျနော်တို့ တိုင်းပြည်၏ ပကတိ အခြေအနေသည် ငြိမ်းချမ်းသာယာနေသည့် တိုင်းပြည်မဟုတ် ညှင်းပန်းနှိပ်စက်မှုတွေ၊ မတရားအနိုင်ကျင့်မှုတွေ၊ တရားမဲ့သတ်ဖြတ်မှုတွေ၊ ပဠိပက္ခတွေ တလှေကြီးနှင့် တိုင်းပြည်ကတော့ ချွတ်ခြုံကျနေသည်။

လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး အစော်ကားခံနေရသည် မဟုတ်ပါလား။ လက်ရှိကျနော်တို့ တိုင်းပြည်၏ ပြဿနာတွေသည် ပဠိပက္ခတွေသည် ဘက်... အများကြီးတော့မဟုတ်။ ယုတ်မာရက်စက်သည့် ခေတ်နောက်ပြန် သက်ဦးဆံပိုင် အကြွင်းမဲ့ အာဏာကို ထူထောင်လိုသူ စစ်အာဏာရှင် ပဒေသရာဇ် စစ်အုပ်စုကတစု.... စစ်အုပ်စုက ထင်သလို စော်ကား မုဒိမ်းကျင့်၊ သတ်ဖြတ်၊ ညှင်းဆဲခံမှုကို အလူးအလဲ စုတ်ပြတ်သတ်နေအောင် ခံနေရသည့် ပြည်သူလူထုကြီးကတဖက်၊ ထိုနှစ်ဖက်၏ တိုက်ပွဲသည် လက်ရှိ ဗမာပြည်၏ ပဠိပက္ခဖြစ်သည်ဟု ကျွန်ုပ်တို့ အိုးဝေက ယုံကြည်သည်။ ထိုပဠိပက္ခတွင် ကြား နေရာမရှိ.. ဘက်..တခုခုတွင်ဗမာပြည်သားတိုင်းရှိသည်။ ကျနော်တို့ ကြားနေတယ်။ လွတ်လပ်တယ်ဟု ပြောလာလျှင် ထိုသူ၊ ထိုအုပ်စုသည် တိုင်းပြည်၏ ကံကြမ္မာကို အလုံးစုံပစ်ပယ်ကာ ကိုယ်ကျိုး ရှာသူများသာလျှင် ဖြစ်သည်။ တပြည်လုံး အစော်ကားခံနေရချိန်တွင် ကြားနေတယ်၊ လွတ်လပ်တယ် ဆိုသူများသည် ဗမာပြည်သားများ မဟုတ်၊ ဖောက်ပြန် ယိုယွင်းသူများသာ ဖြစ်သည်။
  
ထို့ကြောင့် အိုးဝေသည် ကြားမနေသည့် သတင်းဂျာနယ်ဖြစ်သည်။
အိုးဝေသည် ဘက်မလိုက်ဘူးဟူသော အယူအဆကို လုံးဝဆန့်ကျင်သည်။
အိုးဝေသည် မလွတ်လပ်သော သတင်းဂျာနယ်ဖြစ်သည်။
အိုးဝေသည် ဘက်လိုက်သော သတင်းဂျာနယ်စာစောင်ဖြစ်သည်။

No comments:

Post a Comment