Wednesday 2 March 2011

စစ်မှု မထမ်းမနေရ ဥပဒေနှင့် မှတပါးအခြားမရှိ



စစ်ကိုနိုင်

ဒီနေ့မြန်မာပြည်နှင့် မြန်မာ့လူမှုအသိုင်းအ၀န်းတွင် တော်တော်ရေပန်းစားပြီး လူပြောများ နေတဲ့ အကြောင်း ကတော့ မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီးများပါ စစ်မှုထမ်းရမည့် ဥပဒေကို အစိုးရသစ် မဟုတ်သော နောက်တက်ရမဲ့ အစိုးကနေ ပြဌာန်းခြင်းမျိုး မဟုတ်ဘဲ တိုးတိုး တိတ်တိတ်နဲ့ နအဖ ဗိုလ်သန်းရွှေမှ အမိန့် ဒီဂရီတွေထုတ်ပြီး ပုံစံတမျိုးဖြင့် ထုတ်ပြန်လိုက်သည့်အတွက် မြန်မာပြည် လူ့အဖွဲ့အစည်းနှင့် ပြည်ပရောက် မြန်မာများ အကြားဂယက်ထ နေပါတော့တယ်။ တကယ်ပဲ မြန်မာပြည်ဟာ စစ်မှုထမ်းဖို့ လိုအပ်နေတဲ့ အချိန်ရောက်နေ ပါပြီလား...?။

ဒီနေရာမှာ ကျနော်တတွေ သေသေချာချာ စဉ်းစားသုံးသပ်ဖို့ အရေးကြီးလာပြီလို့ ထင်မိလို့ ကျနော် ဒီဆောင်းပါးလေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်တို့ သေချာ စဉ်းစားသုံးသပ်ရမဲ့ အကြောင်းက ကျနော် နားလည်တဲ့ အပိုင်းအနေနဲ့ ပြောရရင်...
(၁) ပကတိ မြန်မာပြည်မှာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်ထဲဝင်ဖို့ အချိန်ကျရောက်နေသလား?
(၂) မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေဟာ နိုင်ငံရေး အခြေအနေနဲ့ စီးပွားရေး အခြေအနေများ ဘယ်လိုလဲ?
(၃) လက်ရှိ မြန်မာနိုင်ငံအစိုးရဟာ မည်သို့သော အစိုးရမျိုး ဖြစ်သလဲ? ဆိုပြီး ကျနော် နားလည်တဲ့ အပိုင်းတွေကို သုံးပိုင်းခွဲပြီး တင်ပြချင်ပါတယ်။

ပထမအချက်အနေနဲ့ ကျနော်တို့ စဉ်းစားရမယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ပြည်ပရန် ကျူးကျော်မှု (သို့မဟုတ်) ပြည်ပရန် ကျူးကျော်မှုတို့၏ အရိပ်လဏ္ခာ လုံးဝ မရှိပါ။ ဒီလိုမျိုး ပြည်ပ တိုင်းပြည်နိင်ငံ တခုက ကျူးကျော်စော်ကား ရန်စမှုတွေလဲ မရှိ၊ ပြည်ပနိုင်ငံ တခုမှာ ကျူးကျော်ရန်စမှု အရိပ်လဏ္ခာ လုံးဝမရှိဘဲ ဒီအရွယ်ရောက်သူ အမျိုးသား အမျိုးသမီးများ စစ်မှုထမ်းရမည် ဆိုတဲ့ ဥပဒေကို လက်သိပ်ထိုး ထုတ်ပြန် လိုက်ခြင်းကတော့ ဗိုလ်သန်းရွှေရဲ့ အကဲစမ်း ရွေ့လိုက်တဲ့ အကွက်တကွက်သာ ဖြစ်ဖို့များလို့ပဲ ကျနော် သုံးသပ်မိပါတယ်။



နောက် တကြောင်းက ပညာရှင်များ ပြောကြတဲ့သူများ တိုင်းပြည်နိုင်ငံတွေမှာလဲ အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေနဲ့အတူ စစ်မှုထမ်း နေရပါတယ် ဆိုတာကိုတော့ ကျနော်လည်း အသိမို့ မငြင်းပါ။ သို့သော် ကျနော် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ နိုင်ငံရေး စီးပွားရေး အခြေအနေတွေနဲ့တော့ နှိုင်းယှဉ်ဖို့တော့ လိုပါတယ်။ သူများ နိုင်ငံတွေမှာ စီးပွားရေး အခြေအနေတွေက စံတခုကို မှီကြပြီး လူတိုင်းလူတိုင်း ဒီမိုကရေစီ အခွင့်အလမ်းများ၊ လူ့အခွင့်အရေးများနှင့် ပြည့်မီစွာ နေထိုင် စားသောက်နေနိုင်ကြတဲ့ အခြေအနေမျိုးတွေပါ။

ဟုတ်ပြီး ကျနော်တို့နိုင်ငံကို ပြန်ကြည့်ရအောင်ဗျာ။ စီးပွားရေးက ချွတ်ခြုံကျနေပြီး တိုင်းပြည်လူ အများစုတော့ ဆင်းရဲငတ်ပြတ် ဒုက္ခတွင်းတွေ နက်နေချိန်၊ နောက်တခါ အစိုးရသည်လည်း တရားဝင်လူထုက တင်မြောက်ထားတဲ့ အစိုးရ မဟုတ်ဘဲ သေနတ်မိုး လက်နက်မိုးပြီး တိုင်းပြည်အာဏာကို လုယူထားတဲ့ အစိုးရ (တနည်း) အာဏာသိမ်း စစ်အာဏာ ထူထောင်နေသူ လူတစု အစိုးရ ဖြစ်နေပါတယ်။

ဒါကြောင့်လက်ရှိ အနေအထားတခုမှာ အရွယ်ရောက်သူ နိုင်ငံသားအားလုံးသည် စစ်မှုထမ်းရန် အတွက် လက်ရှိ အချိန်မှာ လုံးဝကို မလိုအပ်ပါလို့ ကျနော် ပြောချင်တယ်။ တကယ်လို့ အတင်းအဓမ္မ စစ်ထဲဝင် စစ်မှုထမ်း ရမည်ဆိုပါက သွေးရိုးသားရိုး နိုင်ငံသားတိုင်း စစ်ပညာ တတ်မြောက်ရမယ် ဆိုတဲ့ရည်ရွယ်ချက် မဟုတ်တာတော့ သေချာသွားပါပြီ။

မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်စလို့ စစ်တပ်က တောက်လျှောက် တိုင်းပြည်အပေါ်ကို အကြောင်းပြချက် အမျိုးမျိုးနဲ့ အကြောင်းပြပြီးတော့ လိမ်ခဲ့၊ ညာခဲ့ အောက်တန်းကျတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကောက်ကျစ် ယုတ်မာခဲ့တွေက မြန်မာ့သမိုင်းကို လေ့လာသူတိုင်း (တနည်း) မြန်မာနိုင်ငံသား လူများစုကြီးက သိပြီးသား ဖြစ်နေပါပြီ။ ဆိုတော့ ဗိုလ်သန်းရွှေ ဘာလုပ်မှာလဲ?။

ကျနော်အမြင်အရပြောရရင် ဗိုလ်သန်းရွှေက စိတ်ကောင်း စေတနာကောင်း မရှိတဲ့သူပီပီ.. သူ့မြေး နေရွှေသွေးအောင်ကို စစ်တပ်ရဲ့ထိပ်ပိုင်း ရာထူးကြီးကြီးတွေ ကိုပေးပြီးသူ့သိပ်ချစ်တဲ့သူ့မြေးကို တောင်စစ်မှု့ထမ်းခိုင်းတယ်..
ဒီတော့နိုင်ငံသား အားလုံးလဲ စစ်မှု့လိုက်ထမ်းကြ.. ဆိုတဲ့ပုံစံမျိုး တိုင်းပြည်နဲ့ ကမ္ဘာကိုချပြလိုတဲ့ အခင်းအကျင်း ကိုတော့ သူ. ယူချင်ယူနိုင်ပါတယ်
.ပြီးတော့ သူ့ရည်ရွယ်ချက်က နိုင်ငံသားအားလုံး စစ်ပညာတတ်မြောက်စေချင်တဲ့ ၇ည်ရွယ်ချက် မဟုတ်ဘူးဗျ
သူ့က နိုင်ငံသားတွေကိုစစ်မှု့ထမ်းခိုင်းမယ်..ပြီးတော့စစ်တပ်ပုံစံ တသွေး.တသံ..တမိန့်..ဆိုတဲ့ဘောင်ထဲကိုရိုက်သွင်းချင်တာ...

ဒါမှ သူ့မှန်းထားတဲ့ ရည်ရွယ်ချက်က ပြည့်ဝမှာ ဖြစ်တယ်။ ဗိုလ်သန်းရွှေက မြောက်ကိုးရီးယားနဲ့ နီးနီးကပ်ကပ် ပေါင်းပြီး မြောက်ကိုရီးယားကို အရမ်းအားကျ နေသူဖြစ်တယ်။ မြောက်ကိုရီးယားရဲ့ စတိုင် ညူကလီးယား ပိုင်ဆိုင်ပြီး အမေရိကန်ကို တောင်စိန်ခေါ်ရဲတဲ့. အံတုရဲတဲ့ နိုင်ငံမျိုး သူအရမ်းလုပ်ချင်နေတယ်။ ဒါက သူ့စိတ်ကူးယဉ် အိမ်မက်ပေါ့။ လုပ်ပါလိမ့်မယ်၊ စောင့်ကြည့်ချင်သူများ စောင့်ကြည့်ကြပါ။ စောင့်မကြည့်ချင်သူများကတော့ မိမိတတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ၀ိုင်းဝန်းပြီး ပြည်တွင်းကရော ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး ဟန်ချက်ညီညီနဲ့ ဆန့်ကျင်တော်လှန်ရမှာ ဖြစ်ပါတယ်။

နောက်တခုက ကျနော်တို့တတွေ သတိထားရမှာကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘေးတီးပေးမဲ့သူတွေက ဟန်ချက်ညီညီနဲ့ မီဒီယာ ကနေသော်လည်းကောင်း၊ ရေဒီယို တွေ့ဆုံဆွေးနွေးခန်းတွေက နေလည်းကောင်း၊ ဒီမိုအကျိုးများ ဒို့လိုလား အခင်းအကျင်းနဲ့ စတင် ဘေးတီးနေသံတွေ မကြာမကြာ ကြားနေပါပြီ။ ပြည်သူတွေကတော့ စီးပွားရေးတွေ မပြေလည်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ငတ်မွတ်ခေါင်းပါးခြင်း၊ ဘာမှန်းမသိ ကြောက်ရွံနေရခြင်းတွေနဲ့အတူ ဝေေ၀၀ါးဝါးတွေ ဖြစ်လို့နေပါပြီ။

ကျနော်တို့ ဆန့်ကျင်ဖက် အတိုက်အခံ အဖွဲ့အစည်း (သို့မဟုတ်) အတိုက်အခံတွေဖက်က ပြောနေတာက ဒီဥပဒေရှိတာ မရှိတာကိုအဓိက ပြောချင်တာမဟုတ်ပါဘူး။ ပြောချင်တဲ့အဓိက အကြောင်းအရာက လက်ရှိ မြန်မာပြည်ရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေး အခြေအနေတွေ နောက်ပြီး ကိုယ့်သွေးချင်း သားချင်းတွေဖြစ်တဲ့ တမြေထဲနေ တရေသောက်ပြီး ကြီးပြင်းလာခဲ့ကြတဲ့ တိုင်းရင်းသား ညီအကိုတွေနဲ့ နယ်စပ်တွေမှာ စစ်ပွဲတွေဖြစ်နေတာတွေ၊ တိုင်းရင်းသား ညီအကိုမောင်နှမတွေဟာ အိမ်နီးခြင်း ထိုင်းနိုင်ငံထဲမှာ ထွက်ပြေး ခိုလှုံနေရတဲ့ ဒုက္ခတွေ ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်ပြီး တိုင်းပြည်လူထုဟာ ဆင်းရဲတွင်းထဲ နစ်သနစ်နစ် နေရခြင်းတွေနဲ့အတူ မိသားစုတစုလုံးနဲ့ တင်မလုံလောက်လို့ ကျောင်းနေအရွယ် ၁၂ နှစ် ၁၃ နှစ် ကလေးတွေပါ ၀ိုင်းလုပ်နေတာတောင်မှ ထမင်းနပ်မမှန် ဖြစ်နေတဲ့ ဒီလိုတိုင်းပြည်ရဲ့ အခြေအနေမျိုးမှာ နိုင်ငံသားအားလုံး စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကတော့ မြန်မာပြည်ကြီးကိုတော့ မီးလောင် တိုက်သွင်းခြင်းမှ တပါးအခြား မရှိပါလို့ ကျနော် ပြောချင်ပါတယ်။

လက်ရှိ မြန်မာ့တပ်မတော် မှာတင်ကြည့်လို့ ရပါတယ်။ ထိပ်ပိုင်းလူတစုလောက်သာ ကွက်ပြီး မလိုချင်လောက်အောင် ချမ်းသာနေပြီးတော့ အောက်ခြေ တကယ့်ကို စစ်မြေပြင် ထွက်တိုက်နေ ရတဲ့အရာရှိ၊ အရာခံ တပ်သားအများစုကတော့ ငတ်ပြတ်လို့ နေကြတဲ့ အထဲမှာ နောက်ထပ် အရပ်သားတွေကို ပြည်သူက လုံးလုံး မထောက်ခံတဲ့ ဥပဒေကြီးနဲ့ ထပ်ပြီး အကျပ်ကိုင် ဇွတ်အတင်း သွတ်သွင်း လာမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုတွေအားလုံး စုပေါင်းပြီး တွန်းလှန်ရုံမှတပါး တခြားမရှိပါလို့ ပြောချင်ပါတယ်ခင်ဗျား။

ကျနော် စစ်ကိုနိုင် ပါ။

No comments:

Post a Comment